January 30, 2012

သင်္ဃန်းကျွန်းစံပြဆေးရုံ၌ လူနာစောင့်အုတ်ပေါင်ပေါ်မှ ပြုတ်ကျသေဆုံး

ဆေးရုံတက်ကုသနေသည့် မိခင်ကို လာရောက်စောင့်ရှောက်သူ အသက်၂၉နှစ်အရွယ် အမျိုးသားတစ်ဦး ခွဲစိတ်ဆောင်ဝရန်တာပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောကြားသည်။ အဆိုပါအမျိုးသားသည်ဇန်နဝါရီလ ၂၂ရက်နေ့က အမျိုးသမီးလူနာဆောင် အပြင်ဘက် လျှောက်လမ်းပေါင်ပေါ်တွင် တက်ရောက်အိပ်စက်ရာမှ နောက်တစ်နေ့ နံနက် ၂နာရီ ၃၀ မိနစ်ခန့်တွင် အရှိန်လွန်ကာ ပြုတ်ကျခြင်းဖြစ်ကြောင်း ဆေးရုံရှိ ဝန်ထမ်းများ၏ ပြောကြားချက်အရသိရသည်။ လူနာစောင့်များကို ယင်းအုတ်ပေါင်ပေါ်တွင် မအိပ်ရန်၊ မထိုင်ရန် အမြဲပြောလေ့ရှိပြီး သတိပေးစာများကပ်ထားသော်လည်း လိုက်နာမှုမရှိကြကြောင်း၊ သတိပေးတားမြစ်ပြောဆိုပါကလည်း ဝန်ထမ်းများနှင့် ပြဿနာဖြစ်ကြောင်း မှုခင်းဆရာဝန်နှင့် ဆေးရုံအုပ်ကြီးတို့ကပြောပြသည်။ ယင်းသို့ ပြုတ်ကျသည့်အရှိန်ကြောင့် အောက်တွင်ခင်းထားသောကွန်ကရစ်ကြမ်းခင်းနှင့် ရိုက်မိပြီးဘယ်ဘက်နဖူးချိုင့်ဝင်သည့်ဒဏ်ရာ၊ ဦးနှောက်သွေးယိုစီးမှုဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မှုခင်းဆရာဝန်ကြီးက ၄င်း၏စစ်ဆေးတွေ့ရှိချက်ကိုပြောကြားသည်။ သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ညောင်ပင်ရွာမှ အသက် ၂၉ နှစ်အရွယ်ရှိ ကိုကိုအောင်ဆိုသူဖြစ်ပြီးသေဆုံးချိန်တွင်အရက်သေစာသောက်စားထားကြောင်းနှင့် ယခင်ကလည်း ယခုကဲ့သို့ ပြုတ်ကျသေဆု့းသူ သုံးဦးရှိခဲ့ပြီးဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ထပ်လောင်းပြောကြားသည်။ အဆိုပါသင်္ဃန်းကျွန်းစံပြဆေးရုံကြီး ခွဲစိတ်ကုသဆောင် ဝရန်တာမှပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ၂/၂၀၁၂ ဖြင့် သင်္ဃန်းကျွန်းရဲစခန်း၌ အမှုဖွင့်ထားသည်။

No comments:

Post a Comment