December 30, 2011

ပုဂ္ဂလိက ကုမ္ပဏီငါးခု အနောက်တိုင်းဆေးဝါး စတင်ထုတ်လုပ်ခွင့် ရတော့မည်

ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို မကြာမီ ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆေးဝါး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ စက်ရုံတည်ဖို့ သင့်တော်တဲ့နေရာ၊ ငွေကြေးပမာဏတွေ၊ ဘယ်ဆေးဝါးကို ထုတ်လုပ်မယ်ဆိုတဲ့ အချက်တွေနဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို လေ့လာနေတယ်။ မကြာခင် ခွင့်ပြုပေးမှာပါ” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက 7 Day News သို့ပြောကြားသည်။ လက်ရှိတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်အား စောင့်စားရင်း ကုမ္ပဏီတစ်ခုကလည်း ခုခံအားကျဆင်းမှု ရောဂါဝေဒနာ ခံစားနေရသူများအတွက် မရှိမဖြစ် လိုအပ်သည့် ARV ဆေးဝါးများ ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးနှင့် သုတေသနဌာန ဝင်းအတွင်းရှိ အဆောက်အအုံ အချို့အားငှားရမ်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။ ပုဂ္ဂလိက ကုမ္ပဏီငါးခုမှ မည်သည့်ဆေးဝါးများ ထုတ်လုပ်မည်ကိုမူ ယခုချိန်အထိ မသိရှိရသေးကြောင်း အဆိုပါကော်မရှင်က ပြောသည်။ ပြည်တွင်းတွင် ဆေးဝါးများ ထုတ်လုပ်နိုင်ပါက ဆေးဝါးကုန်ကျမှု တန်ဖိုး ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာ မြင့်မြင့်ခင်က မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွက် ပြည်ပမှ နှစ်စဉ်ဆေးဝါးများ တင်သွင်းနေရပြီး တရားမဝင် ဝင်ရောက်လာသည့် ဆေးဝါးအတု ပြဿနာများ၊ အကြောင်းအမျိုးမျိုးများကြောင့် ဈေးနှုန်းမြင့်မားသည့် ပြဿနာများမှာ သုံးစွဲသူများအား နစ်နာစေသည့် အကြောင်းရင်းများ ဖြစ်သည်။ လက်ရှိတွင် စက်မှု (၁) ဝန်ကြီးဌာနရှိ ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေးနှင့် တပ်မတော်ဆေးဝါး ထုတ်လုပ်ရေးတို့က ဆေးဝါးများ ထုတ်လုပ်ပေးနေသည်။ Ref: 7days News

No comments:

Post a Comment