December 30, 2011

အနောက်တိုင်း ဆေးဝါးထုတ် ပုဂ္ဂလိကလုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် လျှောက်ထားမှသာ လိုင်စင်စိစစ်ချထားပေးမည်

အနောက်တိုင်း ဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် လျှောက်ထားမှသာ စိစစ်၍ ယာယီလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ “ပြည်တွင်းမှာ နိုင်ငံခြားဆေးဝါး ထုတ်လုပ်ခွင့် ယခုအချိန်ထိ လာလျှောက်သူ ၆ ဦးလောက် ရှိပါပြီ။ ခွင့်ပြုလိုင်စင် အရည်အချင်း သတ်မှတ်ချက်တွေက အဆင့်အတန်းမီရမယ်၊ မြေနေရာ ရှိရမယ်၊ လုံလောက်တဲ့ ငွေကြေးရှိရမယ်။ နည်းပညာအရေးကြီးလို့ ISO၊ GMP စနစ်တို့ ရှိဖို့လိုတယ်။ ဒါ့အပြင် အသုံးပြုတဲ့ရေက သန့်ရှင်းဖို့ လိုပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ အနောက်တိုင်းဆေးဝါး ထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းများသည် ၂၀၀၄ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနထံ ဆေးဝါးလိုင်စင် သက်တမ်း ထပ်မံတိုးရာ ပြန်မကျလာကြောင်း၊ စက်မှု(၁)ဝန်ကြီးဌာနမှ စက်မှုမှတ်ပုံတင် ချမပေးသောကြောင့် သက်တမ်းတိုး ဆိုင်းငံ့ခြင်းဖြစ်ကြောင်း ဘေဘီဗိုက်တာ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးမြတ်ဦးထံမှ သိရသည်။ “တစ်ခါခွင့်ပြုရင် ထုတ်လုပ်ခွင့် လိုင်စင်က ၃ နှစ်၊ ဆေးဝါးမှတ်ပုံတင်က တစ်နှစ် ရတယ်။ နိုင်ငံခြားမှာရှိတဲ့ ဆေးဝါးကုမ္ပဏီ Under လိုင်စင် တောင်းတယ်။ အသစ်ဆို ဘာမှ အရေးမကြီးပေမယ့် ဂျပန်၊ ထိုင်း၊ ကိုရီးယား ကုမ္ပဏီတွေဆီက Under လိုင်စင်ယူတာ ဖြစ်တယ်။ ကျွန်တော်တို့လို လုပ်ငန်းငယ်တွေက မြန်မာမှတ်ပုံတင်ရှိပြီး ကိုယ်ပိုင်နည်းပညာ သုံးထားသော မြန်မာထုတ်ဖြစ်ကြောင်း သက်သေပြန်ပြရမလို ဖြစ်နေပြီ။ ဘေဘီဗိုက်တာ ကလေးအားဆေး ထုတ်လာတာ နှစ်ပေါင်း ၅၀ ကျော် ရှိပါပြီ။ အခုက မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဝင်ဖို့ လုပ်နေပါတယ်”ဟု ၎င်းက ပြောပြသည်။ အနောက်တိုင်း ဆေးဝါးထုတ် ပုဂ္ဂလိက လုပ်ငန်းတစ်ခု ဖြစ်သည့် ရွှေဧရာ ဆေးဝါးထုတ်လုပ်ရေးမှ ဒေါက်တာအောင်ဝင်းမောင်က “စက်ရုံတွေ ရပ်နားခံခဲ့ရပေမယ့်လည်း မျှော်လင့်ချက်နဲ့ ယနေ့အထိ လုပ်ခလစာတွေ ပေးနေရတုန်းပဲ။ စွန့်ဦး တီထွင်ကြသူတွေလို့ ဆိုနိုင်တဲ့ ပြည်တွင်းနိုင်ငံခြား ဆေးဝါး ထုတ်လုပ်ငန်းရှင်တွေရဲ့ လက်ရှိအနေအထားကို အစိုးရသစ် အနေနဲ့ ကူညီဖြေရှင်း အားပေးသင့်နေပါတယ်”ဟု ပြောသည်။ ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားဆေးဝါး ဥပဒေအရ “ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါး ကွပ်ကဲရေးဌာနတို့နှင့်သာ သက်ဆိုင်သည်ဟု ဆိုထား၍ FDA ကသာ လုပ်ဆောင်သင့်ကြောင်း၊ ယခုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဓိက ကိုင်တွယ်နေ၍ ၎င်းကို အဓိက သက်ဆိုင်သူဆီကို ပြန်လွှဲသင့်ကြောင်း၊ လုပ်ငန်း စလုပ်သည့် ၃၆ ယောက်က ဆေးဝါးထုတ်လုပ်ငန်းတွင် မည်သည့်ပြဿနာမှ မပေါ်အောင် လုပ်ပြခဲ့ပြီးပြီ ဖြစ်သည့်အပြင် ပြည်ပဆေးဝါးအတုများ မဝင်အောင်လည်း ထိန်းပေးနိုင်ခဲ့ကြောင်း အနောက်တိုင်း ဆေးဝါးထုတ်ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အခက်အခဲနှင့် သဘောထားကို ဒေါက်တာ အောင်ဝင်းမောင်က ထပ်လောင်း ရှင်းပြသည်။ အနောက်တိုင်း ဆေးထုတ်လုပ်သည့် လုပ်ငန်းရှင်ငယ်များ အနေဖြင့် အများပြည်သူ၏ ကျန်းမာရေးကိစ္စသည် ကျန်းမာရေးဦးစီးဌာန လက်အောက်တွင် ရှိ၍ ဆေးဝါးနှင့် ပတ်သက်သည့် ညွှန်ကြားခြင်း၊ ဆုံးဖြတ်ခြင်း၊ ခွင့်ပြုခြင်း၊ ရုပ်သိမ်းခြင်းများကို ဆောင်ရွက်ပေးစေလိုသော ဆန္ဒရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း ဇာနည်ညီနောင်မှ မနော်က “ကျွန်မလို လုပ်ငန်းငယ်လေးတွေအတွက် ကျန်းမာရေး ဦးစီးဌာနက တိုင်းရင်းသား လုပ်ငန်းရှင်တွေ လုပ်ကိုင်နိုင်မယ့် မြန်မာ့ GMP စနစ်(ကျန်းမာရေးသတ်မှတ်စံ) ကို သတ်မှတ်ပြီး လက်တွဲ ခေါ်စေချင်ပါတယ်။ စက်ရုံတွေ ပိတ်ခံထားရလို့ ဝန်ထမ်းတွေ ပြဿနာရှာနိုင်တာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ ရင်းနှီးရမယ့် ငွေကြေးပမာဏက သိန်းသောင်းချီရှိလို့ လုပ်ငန်းငယ်တွေအတွက် မလွယ်လှပါဘူး” ဟု အနောက်တိုင်း ဆေးဝါးထုတ် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျပ်တွေ့နေသည့် အခက်အခဲကို ပြောပြသည်။ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အနောက်တိုင်းဆေးဝါး ထုတ်လုပ်ရန် လိုင်စင်ကိစ္စများသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုက်ရိုက် မသက်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့်သာဆိုင်ပြီး ၎င်းကော်မရှင်က သဘောထားမှတ်ချက်များ တောင်းခဲ့ခြင်းမျိုး ရှိ၍ သက်ဆိုင်သည့် ဦးစီးဌာနက ပေးပို့ခြင်းမျိုး လုပ်ကြောင်း ဆေးဝါးလိုင်စင်နှင့် ပတ်သက်၍ ရှင်းပြသည်။ “လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် စိစစ်ပြီး ချထားပေးတာ ဖြစ်တယ်။ နည်းပညာပိုင်းရော၊ ထုတ်လုပ်မယ့် ကုန်ပစ္စည်းတွေရဲ့ ကုန်ကြမ်း အရည်အသွေးကိုပါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးသွားကြမှာပါ”ဟု စက်မှုဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်ရှိ ပုဂ္ဂလိကလုပ်ငန်း စက်ရုံများမှ ထုတ်လုပ် ဆေးဝါးတန်ဖိုး ကန်ဒေါ်လာ ၄ သန်းကျော်ခန့်ကို မြန်မာနိုင်ငံသို့ နှစ်စဉ် တင်ပို့နေကြောင်း၊ ပြည်တွင်း၌ နိုင်ငံခြားဆေးဝါး သုံးစွဲမှုအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုး မှာယူ တင်သွင်းနေကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများ၏ စာရင်းအရ သိရသည်။ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာ ဝင်းစည်သူက “ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်ပဲ။ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေအတွက် အဆင်ပြေစေမယ့် လုပ်ရပ်တစ်ခုပဲ”ဟု အနောက်တိုင်း ဆေးဝါးထုတ် ပုဂ္ဂလိက လုပ်ငန်းများ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လုပ်ကိုင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ သူ့အမြင်ကို ပြောပြသည်။ နိုင်ငံခြားမှ တင်သွင်း ကြော်ငြာခွင့်ရသော ဆေးဝါးစက်ရုံများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ လက်လှမ်းမီရာတွင် မရှိကြကြောင်း၊ နိုင်ငံခြားဆေး ဥပမာ- ပါရာစီတမောလ် ဆေးမှာ ကျပ် ၅၀ ပေးရပြီး ပြည်တွင်းထုတ် ပါရာစီတမောလ် ဆေးမှာ ၅ ကျပ်ခန့်သာ ပေးရ၍ သက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း သုံးစွဲသူ ကျောင်းဆရာ ဦးစိုးမိုးက သုံးသပ်သည်။ “ဆေးဝါးဆိုတာက လူတွေရဲ့အသက်ကို ရှည်အောင်၊ ကျန်းမာအောင် လုပ်ပေးတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တိကျသေချာ ခိုင်မာမှုမရှိတဲ့ Result တွေ လုပ်ထားတာမျိုး မရှိရင်၊ လုပ်ငန်းလိုင်စင် ချမပေးတာမျိုး၊ သက်တမ်း မတိုးပေးတာမျိုး ရှိနိုင်တာပဲ။ ဒါက ခွင့်ပြုလိုင်စင် ချထားပေးတဲ့ အဖွဲ့တွေရဲ့ လုပ်ကိုင် ဆောင်ရွက်မှုပဲ။ ကျန်းမာရေး ဝန်ကြီးဌာနက လိုင်စင်ချပေးပြီးတော့ စက်မှုဌာနက စက်မှုမှတ်ပုံတင် ချပေးစေဖို့ ကြားခံအဖွဲ့တစ်ခုခုက ဥပမာ FDA တို့ ဒါမှမဟုတ် ကျန်းဦးစီးတို့လိုမျိုးက စစ်ဆေးပြီး လိုင်စင်ပေးသင့်တာပေါ့”ဟု ငှက်ဖျားဆေး ထုတ်လုပ်ခဲ့သူ ဒေါက်တာ တင်မြင့်ထွေးက ပုဂ္ဂလိကလုပ် ငန်းရှင်ငယ်များ လိုင်စင်သက်တမ်း ဆိုင်းငံ့ထားမှုအပေါ် သူမ၏ အမြင်ကို ပြောပြသည်။ ပုဂ္ဂလိက အနောက်တိုင်းဆေးဝါး ထုတ်လုပ် စက်ရုံငယ်များသည် ၁၉၉၂ အမျိုးသားဆေးဝါး ဥပဒေကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဘီပီအိုင်ဆေးဝါးစက်ရုံ၊ တပ်မတော်ဆေးဝါး စက်ရုံ အပါအဝင် ဆေးဝါးထုတ် လိုင်စင် ၃၆ ရုံ ချပေးခဲ့ကြောင်း၊ ၂၀၀၀ ခုနှစ်တွင် နယ်စပ်မှရုံဖုန်းဆေး စက်ရုံပြဿနာကြောင့် စက်မှု(၁) ဝန်ကြီးဌာနက ဘီပီအိုင်နှင့် တပ်မတော် ဆေးဝါးစက်ရုံများမှ လွဲ၍ အခြားစက်ရုံများကို ပိတ်သိမ်းစာပို့ခဲ့ကြောင်း သိရသည်။ လုပ်ငန်းရှင်ငယ်များက စုပေါင်း အသနားခံခဲ့သောကြောင့် ၂၀၀၁ ခုနှစ်တွင် လိုင်စင် ပြန်ရသော်လည်း ၂၀၀၄ ခုနှစ်တွင် လိုင်စင်သက်တမ်းတိုး ပြန်မကျကြောင်း၊ ၂၀၁၁ တွင်ဆေးဝါးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လိုင်စင် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ Ref: Popular News

No comments:

Post a Comment