December 16, 2011

နှလုံးတွင် မွေးရာပါ အပေါက်ငယ် နှစ်ပေါက်ပါသော ကလေးငယ်အား အဆင့်မြင့် နှလုံးခွဲစိတ် ကုသထုံးဖြင့် မန္တလေး ဆေးရုံကြီးတွင် ခွဲစိတ် အောင်မြင်

နှလုံးတွင် မွေးရာပါ အပေါက်ငယ် နှစ်ပေါက်ပါသော ကလေးငယ်အား အဆင့်မြင့် နှလုံးရပ် ခွဲစိတ်ကုသထုံးဖြင့် ခွဲစိတ်မူတစ်ရပ် အောင်မြင်ခဲ့ကြောင်း မန္တလေး ဆေးရုံကြီး နှလုံးခွဲစိတ်ကု ဌာနတွင် ကုသ အောင်မြင့်ခဲ့သော လူနာရှင်ထံမှ သိရှိရသည်။“ကလေးက မွေးဖွားကတည်းက နှလုံးမှာ အပေါက်ငယ် နှစ်ပေါက် ပါရှိခဲ့တယ်။ ကလေးက သိပ်ငယ်သေးလို့ ခွဲစိတ်မှု မပြုဘဲ ကျန်းမာရေး ကောင်းအောင်သာ ဂရုစိုက်ခဲ့ ရတယ်။ အခု ခွဲစိတ်ကုသလို့ သင့်တော်တဲ့ အရွယ်မှ ခွဲစိတ်ခဲ့တာပါ။ အောင်မြင်သွားလို့ အရမ်းဝမ်းသာ ရပါတယ်။ ကုန်ကျစရိတ်ကလည်း နိုင်ငံခြားကိုသွားပြီး ကုသရတာထက် အဆပေါင်းများစွာ သက်သာ ခဲ့ပါတယ်” ဟု လူနာ မောင်လဝန်းမောင်၏ ဖခင် ကိုနေသဲထိုက်က ပြောကြားခဲ့သည်။ မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးခွဲစိတ်ကုသ ဌာန၏ အဆင့်မြင့် နှလုံးရပ် ခွဲစိတ်ကုသခြင်းကို ၁၉၉၂ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး နှလုံးပေါင်း၂၀၀ ကျော် ခွဲစိတ်ခဲ့ကြောင်း နှလုံးခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။ နှလုံးကိုရပ်၍ ခွဲစိတ်ကုသမှုအား ဆောင်ရွက်နိုင်သော ဆရာဝန်များမှာ မြန်မာနိုင်ငံတွင် အလွန်နည်းပါးဆဲ ဖြစ်သော်လည်း ခွဲစိတ်ကုသမှု အများစု အောင်မြင်မှု ရရှိခဲ့ကြောင်း သိရှိရသည်။ “အဆင့်မြင့် နှလုံးရပ် ခွဲစိတ်ကုသမှုဆိုတာ ခန္ဓာကိုယ်ထဲက နှလုံးကိုပဲ အပြင်ထုတ် နှလုံးနဲ့ဆိုင်တဲ့ စက်တွေ အလုပ်လုပ်ချိန်မှာ နှလုံးရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ရပ်ဆိုင်းပြီး လူ့ဦးနှောက်ကို ထိန်းကိုင်နိုင်အောင် ဆောင်ရွက်ရတဲ့ ကုထုံးဖြစ်ပြီး အင်မတန်နက်နဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ စက်တွေက နှလုံးရဲ့ကိုယ်စား သွေးလှည့်ပတ်မှု အားလုံးကို ထိန်းကိုင်နိုင်အောင် လုပ်ရတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့အတွက် အမှားအယွင်းတွေလည်း ရှိနိုင်ပေမဲ့ အခုပြည်တွင်းမှာ ရှိနေတဲ့ ဆရာဝန်တွေ အနေနဲ့ တတ်နိုင်သမျှ အောင်မြင်အောင် ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာအောင်သူက ဆက်ပြောသည်။ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံတွင် အဆင့်မြင့် နှလုံးခွဲစိတ် ကုသနိုင်သော ဆရာဝန်၂၀၀ ဦးခန့်၊ မလေးရှား နိုင်ငံတွင် ၃၀ ခန့် ရှိသော်လည်း မြန်မာပြည်တွင်း၌ ရန်ကုန်မြို့တွင် ၄ ဦး၊ တပ်မတော်တွင်း၌ ၂ ဦး၊ မန္တလေးမြို့တွင် ၂ ဦးသာ ရှိကြောင်း ကျန်းမာရေးဌာန အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။ သို့သော် ခွဲစိတ် ကုသမှုများအား ရာခိုင်နှုန်းများစွာ ကုသအောင်မြင်လျက် ရှိသည်ဟု သိရသည်။

No comments:

Post a Comment