December 30, 2011

တက္ကသိုလ်စာသင်နှစ် တစ်နှစ်တိုးပြီ

လာမည့် ပညာသင်နှစ်မှ စတင်၍ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအား ပညာသင်နှစ် တစ်နှစ် တိုးမြှင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တရားဝင် ပြောကြားလိုက်သည်။ ဒုတိယသမ္မတက လားရှိုးမြို့ရှိ နည်းပညာ တက္ကသိုလ်သို့ ဒီဇင်ဘာ ၁၆ ရက်တွင် သွားရောက်၍ အဆိုပါ တက္ကသိုလ်၏ ခေတ္တကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။ “ပညာသင်နှစ် တိုးတယ်ဆိုတာက အရင်တုန်းက ပုံစံအတိုင်း ပြန်လည် သတ်မှတ်တာပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ကျော်ကျော်ခန့်က တက္ကသိုလ် ပညာသင်နှစ်တွေကို တစ်နှစ်စီလျှော့ပြီး သင်ကြားစေခဲ့တာ ဖြစ်တယ်။ အခု တစ်နှစ်တိုးတော့မယ် ဆိုတာက မူလအတိုင်း ပြန်ဖြစ်သွားတာပေါ့” ဟု အငြိမ်းစား ပါမောက္ခချုပ် (စီးပွားရေး) ဦးမော်သန်းက ပြောကြားသည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ပြောကြားခဲ့သည်။ “အဲဒီ တိုးလိုက်တဲ့ စာသင်နှစ်မှာ ထိထိရောက်ရောက် သင်ကြားပေးနိုင်မယ် ဆိုရင်တော့ တိုးမြှင့်လိုက်တာ အဓိပ္ပာယ်ရှိတယ်။ ကျောင်းသားတွေအတွက်လဲ စာလေ့လာခွင့် တစ်နှစ် ပိုရတာပေါ့။ အဲဒီလို မဟုတ်ဘဲ ဒီအတိုင်း ဆက်သင်နေမယ် ဆိုရင်တော့ စာသင်နှစ်တစ်နှစ် ပိုရုံပဲ ရှိမယ်။ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး” ဟု အငြိမ်းစား ပါမောက္ခချုပ် တစ်ဦးက ဆိုသည်။ နိုင်ငံတော် ဒုတိယသမ္မတက ပြောကြားရာတွင် “မိမိတို့နိုင်ငံတွင် ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးကို အခြေခံနေကြသူများ ဖြစ်နေကြကြောင်း၊ စိုက်ပျိုးရေးဖြင့် စားဝတ်နေရေး ပိုလျှံသော်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ ခေတ်မီနိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ GDP တိုးတက်သည့် နိုင်ငံများတွင် သိပ္ပံပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များစွာ ရှိနေကြပြီး ပညာရှင်နည်းပါးသည့် နိုင်ငံများသည် GDP နိမ့်ကျသည်ကို မြင်တွေ့နေရကြောင်း၊ မြန်မာနိုင်ငံရှိ ၆၁ ခုသော နည်းပညာတက္ကသိုလ်များသည် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူ ပေးလာနိုင်သည်အထိ အရည်အသွေး ပြည့်ဝရန် လိုအပ်နေကြောင်း၊ နိုင်ငံအတွက် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန် နည်းပညာရှင် အရေအတွက်များစွာ ထုတ်ပေးရဦးမည်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် လာမည့် ပညာသင်နှစ်မှ စ၍ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များအား ပညာသင်နှစ် တစ်နှစ်ထပ်တိုးပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်နှစ်တစ်နှစ် တိုးမြှင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကြောင်း သိရသည်။ “အမှန်စင်စစ်ကတော့ ယခင်လေးနှစ်ကနေ သုံးနှစ် လျှော့လိုက်တယ်ဆိုတာ နိုင်ငံတကာ ရေစီးကြောင်းပေါ့။ နိုင်ငံတကာမှာ ရိုးရိုးဘွဲ့တစ်ခုကို သုံးနှစ်ကာလပဲ သတ်မှတ်ကြတာတွေကို တွေ့ရလို့ နိုင်ငံတကာ ရေစီးကြောင်းကို လိုက်ပြီး လျှော့ခဲ့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်ပဲဖြစ်ဖြစ်၊ လေးနှစ်ပဲဖြစ်ဖြစ်၊ အဲဒီကာလအတွင်းမှာ စံမီအောင် ပြည့်ပြည့်ဝဝ သင်ကြားပေးနိုင်ဖို့ပဲ လိုတယ်။ အဲဒီအတွက် တကယ် အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသားတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဦးမော်သန်းက ပြောသည်။ ယင်းကဲ့သို့ ပညာသင်နှစ် တစ်နှစ် တိုးမြှင့် သင်ကြားခြင်းကို ယခင်ကတည်းက သင်ကြားပေးခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ခန့်က စာသင်နှစ် တစ်နှစ်စီ ပြန်လည် လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Ref: Flower News

No comments:

Post a Comment