November 13, 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့်အထိမ်းအမှတ် သွေးလှူမည်

 ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်​ လူငယ်တွေက ဦးဆောင်ပြီး ရန်ကုန်မြို့က ဆေးရုံ ၃ ခုမှာ​ ​သွေးလှူဒါန်းသွားမယ်လို့​ ​သွေးလှူအဖွဲ့က ပြောပါတယ်။ သင်္ဃန်ကျွန်း စံပြဆေးရုံ၊ အလုံ ဗဟိုအမျိုးသမီး​ဆေးရုံ၊ ကလေးဆေးရုံတို့မှာ မနက်ဖြန်ကစပြီး ၃ ရက်ဆက် လှူဒါန်းမယ်လို့ သွေးလှူအဖွဲ့ (ဘီဂျီ) ၀င် ဆက်သွယ်ရေးမှူး ကိုညီညီက ပြောပါတယ်။ “အခု သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ စံပြဆေးရုံမှာ ဆိုရင်လည်း သွေးတွေက​ ​နေ့စဉ်လိုအပ်နေတယ်။ သင်္ဃန်းကျွန်းဆေးရုံကို​ ပို့မယ်။ ဗဟိုအမျိုးသမီးဆေးရုံကိုလည်းပို့မယ်။ ကလေးဆေးရုံကိုပို့မယ်။ လောလောဆယ်မှာ အဲ့ ၃ ခုကိုပဲ လျာထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်မှာ လှူရတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကုသိုလ်ကောင်းမှုတွေရမယ်၊ ဆက်လက်ပြီးတော့လည်း ဒီကုသိုလ်ကောင်းမှုတွေနဲ့ အတူ နိုင်ငံ့အကျိုးကိုလည်း ပိုမိုထမ်းရွက်နိုင်မယ်။ နောက်တချက်ကတော့ ဒီလိုလှူဒါန်းခြင်းအားဖြင့် အမှန်တကယ်သွေးလိုအပ်နေတဲ့ လူနာတွေဆီကို သွေးရရှိသွားမယ်။” ဘီဂျီအဖွဲ့က သင်္ဃန်းကျွန်း စံပြဆေးရုံအပါအ၀င်၊ သွေးလိုအပ်နေတဲ့ ဆေးရုံတွေကို အပတ်စဉ် သွေးပုလင်းအလုံးပေါင်း ၃၀ ခန့် လှူဒါန်းနေတယ်လို့ ကိုညီညီက ပြောပါတယ်။ ဘီဂျီသွေးလှူရေးအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး သွေးလှူခြင်းအပြင် အခြား ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရန်ကုန်မြို့မှာ အခြေပြုပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ သွေးလှူဒါန်းလိုသူတွေ အနေနဲ့ ဘီဂျီအဖွဲ့ရဲ့ ဖုန်းနံပါတ်တွေ ဖြစ်တဲ့ ၀၉၄ ၉၃၂ ၈၀၅၅၊ ၀၉၇၃၁၂၅၈၈၅၊ ၀၉၄၃၀၃၈၈၀၁ တို့ကို ဆက်သွယ်နိုင်ပါတယ်။ ရည်ညွှန်း : DVB

No comments:

Post a Comment