February 14, 2012

စာမူဖိတ်ခေါ်ခြင်း

ဆေးတက္ကသိုလ် (၂) ရန်ကုန် နှစ် (၅၀)မြောက် အထိမ်းအမှတ်ရွှေရတုစာစောင် ထုတ်ဝေမည်ဖြစ်ပါသောကြောင့် စာစောင်တွင် ထည့်သွင်းဖော်ပြရန် အောက်ပါ ကဏ္ဍများအတွက် စာမူများ ရေးသားပေးပို့နိုင်ပါသည်။ ၁။ ကဗျာ ၂။ ဆောင်းပါး (ကွန်ပြူတာစာစီပြီး ၄မျက်နှာမှ ၆မျက်နှာခန့်) ၃။ ဝတ္ထုတို (ကွန်ပြူတာစာစီပြီး ၅မျက်နှာမှ ၇မျက်နှာခန့်) ၄။ ဝတ္ထုရှည် (ကွန်ပြူတာစာစီပြီး ၈မျက်နှာမှ ၁၂မျက်နှာခန့်) ၅။ ကာတွန်း ၆။ English Section (Article, story, essay, poem)   စည်းကမ်းချက်များ -စာမျက်နှာတစ်ဖက်တည်းသာ အသုံးပြုရန်။ -ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းနှင့် မည်သည့်မဂ္ဂဇင်း၊စာစောင်များတွင်မှ ပုံနှိပ်ဖော်ပြထားခြင်း မရှိကြောင်း ကတိခံဝန်ချက်ပါရှိရန် -ဘာသာပြန်စာမူများအတွက် မူရင်းစာအုပ်အမည်နှင့် စာရေးသူကို ဖော်ပြပေးရန်။ -စာရေးသူ၏ ကလောင်အမည်၊ အမည်ရင်း၊ဌာန၊ အတန်း ခုံအမှတ်နှင့် လိပ်စာအပြည့်အစုံကို ရေးသားပေးပို့ရန်။ -စာမူများကို (၃၀.၉.၂၀၁၂)ရက်နေ့ နောက်ဆုံးထား၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ မြန်မာစာဌာနနှင့် သတ္တဗေဒ ဌာနသို့ ပေးပို့ကြရန်။ မဂ္ဂဇင်းကော်မတီ ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်။

ကြေငြာချက်

ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၏ နှစ်လည်မဂ္ဂဇင်းကို မကြာမီ ထုတ်ဝေရန်ရှိပါသဖြင့် မဂ္ဂဇင်းနှင့်ပတ်သက်၍ စိတ်ဝင်စားစွာ ကူညီပါဝင်ဆောင်ရွက်လိုသည့် ကျောင်းသား/သူများသည် အောက်ဖော်ပြပါ ဌာနမှူးများထံ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ၁။ ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်၊ ပါမောက္ခ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန ၂။ ဒေါ်ဥမ္မာမြိုင်၊ ကထိက ဌာနမှူး၊မြန်မာစာဌာန။

January 30, 2012

ရှောင်တခင် အဘိဓမ္မာ

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာ၊ ဂက်ဂျာမာဒါ တက္ကသိုလ်မှာ ဆေးကျောင်းတက်နေစဉ်ကာလများမှာ စာကျက်လိုက်၊ အတန်းတက်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့တာပေါ့။ ဆေးရုံမှာလည်း လူနာတွေနဲ့ စကားများများစားစားမပြောဖြစ်ပါဘူး။ နောက်ဆုံးနှစ်မှာ ဒေါက်တာဆာဂျီတိုဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောကုသဆောင်ကို ရောက်ပါခဲ့တယ်။ ပဋိသန္ဓေတားဆေးများစားသုံးခြင်းကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း Thesis တင်စရာရှိတာနဲ့ အချက်အလက်တွေစုနေခဲ့တယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောပိတ်လို့ လေဖြတ်ခြင်းကို အဓိကလေ့လာတာပါ။ ဒီနည်းနဲ့လေဖြတ်တဲ့ နှုန်းကပိုများပါတယ်။ ဆေးရုံမှာ လေဖြတ်တဲ့ လူနာလာတာနဲ့ ပဋိသန္ဓေတားဆေးသုံးဖူးလား မေးစမ်းကြည့်ရတာပေါ့။ ဖြည်းဖြည်းချင်းစုရတာပေါ့ဗျာ။ ပြီးခဲ့တဲ့ အောက်တိုဘာ၊ မိုးအေးအေးညနေခင်းတစ်ခုမှာ စာတမ်းအတွက်နောက်ဆုံးသုံးယောက်ပဲလိုတော့တာနဲ့ လူနာဆောင်ထဲ အသည်းအသန်လိုက်ရှာခဲ့တာ။ မှတ်တမ်းမှာ အသက် ၄၃ နှစ်၊ ဒေါ်A ဆိုတဲ့ လေဖြတ်လူနာတစ်ယောက်ရှိတယ်လို့တွေ့မိတယ်။ မေးခွန်းစာရွက်လေးတွေကိုင်ပြီး သူရှိမယ့်အခန်းကိုသွားတယ်။ ရောက်သွားတော့ တိတ်ဆိတ်လို့၊ ဘယ်ဆရာဝန်၊ သူနာပြုမှ မရှိဘူး။ ကုတင်ရှစ်လုံးရှိတဲ့သူ့အဆောင်ထဲမှာ မီးမှိန်မှိန်လေးထွန်းလို့၊ ပြုတင်းပေါက်အလွန်မှာ တိမ်မည်းတွေ မိုးပေါက်တွေ သည်းထန်နေလေရဲ့။ အေးစိမ့်စိမ့်လေထဲ ရင်းနှီးပြီးသား ဆေးရုံနံ့လေး သင်းနေတယ်။ နာလန်ထဖို့ ခနော်ခနဲ့ အားယူနေဆဲ ဒေါ်A ဟာ ခုတင်အမှတ် 4B မှာရှိတယ်။ ဘေးမှာဆွေမျိုးတွေ၊ မိတ်ဆွေတွေစောင့်နေတာလည်းမရှိ။ သူ့ဘေးကုတင်တွေမှာလည်း လူနာမရှိ။ ကုလားထိုင်မှာ အသာဝင်ထိုင်ပြီး ကျွန်တော်ဘယ်သူဆိုတာမိတ်ဆက်တယ်၊ နေကောင်းရဲ့လားလို့လည်း မေးလိုက်တယ်။ ကောင်းလာပါပြီလို့တော့ ဖြေရှာပါတယ်။ ဒါပေမယ့် ဘယ်ဘက်တစ်ခြမ်းကတော့ အားနည်းနေတုန်းပဲတဲ့။ သိချင်တာလေးတွေရှိသေးလို့ မေးပါရစေလို့ ခွင့်တောင်းတော့ သဘောတူပါတယ်။ မေးခွန်းစာရွက်ထဲမှာ “yes” “no” ဖြေရတဲ့ မေးခွန်းသုံးခုတည်းရယ်ပါ။ အဖြေရပြီးတာနဲ့ နောက်လူတွေထပ်မေးဖို့ မတ်တပ်ရပ်လိုက်ချိန်မှာ ဒေါ်A က လေသံတိုးတိုးပျော့ပျော့လေးနဲ့ ပြောလာတယ်။ “ဒေါက်တာက အသစ်လားဟင်၊ အရင်ကမတွေ့ဖူးဘူး။” “မဟုတ်ဖူးခင်ဗျ၊ ကျွန်တော်ဒီကို သိပ်မရောက်ဖြစ်လို့ပါ။” ကျွန်တော်ဘယ်ကလဲ၊ ဘာလို့ညနေစောင်းအထိ အလုပ်ကြိုးစားနေတာလဲ စသည်ဖြင့်ဆက်မေးပါတော့တယ်။ သူ့လိုလူနာတစ်ယောက်က ဒီလိုစကားများများပြောချင်စိတ်ရှိတာတွေ့ရတော့ အံ့အားသင့်မိပါတယ်။ “ဒေါက်တာ၊ ကျွန်မပုံမှန်ပြန်ကောင်းနိုင်ပါ့မလား။” ကျွန်တော်သူ့ကိုအနီးကပ်ကုသခွင့်ရှိပြီး သူ့မေးခွန်းကို အကောင်းဆုံးဖြေပေးချင်လိုက်တာလို့ ဘုရားထံ ချက်ချင်း ဆုတောင်းမိတယ်။ ကျွန်တော်သူ့ရောဂါအကြောင်းအသေးစိတ်မသိကြောင်း၊ သိထားသမျှလေဖြတ်ဝေဒနာရှင်များကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး ပြန်လည်သန်စွမ်းဖို့ အနှေးအမြန်ခြားနားကြောင်းရှင်းပြရပါတယ်။ ကျွန်တော်ဟာ ဆေးကျောင်းသားသာဖြစ်တာကြောင့် အလွန်အကျွံအသေးစိတ်ရှင်းမပြဝံ့ပါဘူး။ ဒေါ်A ကတော့ သူ့အကြောင်းတွေမနားတမ်းဆက်ပြောနေတာ။ မူလတန်းအရွယ်ကလေးသုံးယောက်ရှိတယ်။ ခုဆိုအိမ်နီးချင်းတွေပဲအပ်ထားရတာ။ “ကျွန်မ အမျိုးသားဆုံးသွားတာ တစ်နှစ်ရှိပြီ။ ကျွန်မပဲရှာဖွေနေရတာ။ ကျွန်မတို့မချမ်းသာပါဘူး။ သန့်ရှင်းရေးလုပ်လို့ ရတဲ့ငွေလေးကလည်း သားအမိတွေလောက်ငှတယ်ဆိုရုံပါ။” ကျွန်တော်လည်းဘာပြောရမှန်းမသိတော့ပါ။ သူ့ပြောတာငေးကြည့်နေရင်း ပြီးခဲ့တဲ့စာသင်နှစ်တွေတုန်းက ကြားခဲ့ဖူးတဲ့ ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာတွေ ပြန်စဉ်းစားနေတာ။ ခက်တာက ဘာမှမမှတ်မိတော့ဘူး။ ငါအဲဒီတုန်းက ဘာကြောင့်ကောင်းကောင်း နားမထောင်ခဲ့တာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ကျိန်ဆဲမိပါရဲ့။ အလိုအလျောက် ဒေါ်A ရဲ့လက်ကိုဆုပ်ကိုင်လျက်သားအားပေးမိတယ်။ ဘာမှဝင်ပြောစရာမတွေ့တာနဲ့ သူပြောတာငြိမ်ငြိမ်လေး နားထောင်ပေးနေလိုက်တယ်။ သူကလည်း နားထောင်စေချင်တဲ့ပုံပါပဲ။ ဒီလိုနဲ့ မိနစ်၂၀လောက်ကြာသွားတယ်။ သူ့အခက်အခဲတွေ၊ ဝမ်းနည်းကြေကွဲဖွယ်ရာတွေ၊ ယဉ်မတော်တဆမှုကြောင့်ဆုံးပါးသွားရတဲ့ ခင်ပွန်းအကြောင်း၊ ငွေရှာရဖို့ ဘယ်လောက်ရုန်းကန်ရကြောင်း ပြောရှာတယ်။ သူသာ အခြေအနေမကောင်းရင် သူ့ကလေးတွေဘယ်လိုနေရှာမလဲဆိုပြီး တွေးပူနေတယ်။ ကျွန်တော်လုပ်ပေးနိုင်တာက နွေးထွေးစာနာစွာ ခေါင်းညိတ်ထောက်ခံပေးရုံပါပဲ။ ဒီလိုနဲ့ စကားဝိုင်းပြီးသွားတဲ့အခါ “ပြဿနာသောင်းခြောက်ထောင် ငြီးပြဖို့ ခေါ်ထားမိတာအားနာလိုက်တာ။ ခုတော့ ရင်ထဲပေါ့သွားတာပဲ။ ရင်ဖွင့်ဖို့ အဖော်ကိုမရှိတာပါ။” သူမမျက်လုံးထဲက မျက်ရည်တစ်ပေါက်လိမ့်ဆင်းလာတယ်။ သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း ဆံစတွေ သပ်ပေးနေလိုက်တယ်။ “ရပါတယ်ဗျာ။ အပန်းမကြီးပါဘူး။ဒါလည်း တာဝန်တစ်ခုပဲလေ။” “ကျေးဇူးပါဒေါက်တာရယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။” လက်လွှတ်၊ မတ်တပ်ရပ်ရင်း စောင်ခြုံပေးလိုက်တယ်။ လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။နောက်ရက်တွေဆေးရုံလာရင်း သူ့ဆီသွားကြည့်တော့ ဆေးရုံကဆင်းသွားပါပြီ။ လေ့ကျင့်ခန်းအများကြီးဆက်လုပ်စရာမလိုလောက်အောင် တိုးတက်လာလို့ ပေးဆင်းလိုက်တာပါ။ ဆရာဝန်တစ်ယောက်အတွက် တန်ဖိုးကြီးအတွေ့အကြုံတစ်ခုရခဲ့ပါတယ်။ လူနာတွေဟာ တစ်ခါတစ်လေ အကောင်းစားဆေးတွေ၊ ကြီးကျယ်ပေ့ဆိုတဲ့ နည်းပညာတွေ မလိုပါဘူး။ သူတို့ပြောတာကို စိတ်ရှည်ရှည်လိုလိုလားလား နားထောင်ပေးမယ့်လူတစ်ယောက်သာလိုပါတယ်။ ကျွန်တော့်အတွက်တော့ ဂရုတစိုက်နားထောင်ခြင်းဟာ ဆရာဝန်တစ်ယောက်အကောင်းဆုံးလုပ်ပေးနိုင်တာတစ်ခုပါပဲ။ RDasia.com မှ "Unexpected Teacher" ကို တိုက်ရိုက်ပြန်ဆိုပါသည်။ မူရင်းစာရေးဆရာ မူဟာမက် ဖာရပ်ဇ် ဘင် အဗ္ဗဒူလာ ဟာ ဂါဂျာ မာဒါဆေးတက္ကသိုလ်မှာ သင်ကြားနေတဲ့ ၂၄နှစ်အရွယ် ဆေးကျောင်းသားဖြစ်ပါတယ်။ နောက်နှစ်မှာ ကျောင်းပြီးတော့မယ်လို့ဆိုထားပါတယ်။

အင်ဒိုနီးရှားတွင် ငှက်တုပ်ကွေး ရောဂါ ပြန်လည်ခေါင်းထောင်လာ

ယခု ငှက်တုပ်ကွေးမိသူသည် အဖျားတက်ပြီး နှစ်သစ်ကူးနေ့က ဆေးရုံတင်ခဲ့ရကြောင်း၊ ထိုသူမွေးထားသော ခိုတစ်ကောင် သေဆုံးသွားပြီးနောက် ရောဂါကူးစက်ပုံ ပေါ်ကြောင်း ဆရာဝန်များက ပြောကြသည်။ ခိုမှတဆင့် ကူးစက်ဖွယ်ရာ ရှိကြောင်း ဒေသခံ သတင်းများအရ သိရသည်။ ၎င်းတို့အိမ်တွင် ခို ၃၀၊ ကြက်ရှစ်ကောင်၊ ဘဲရိုင်းနှစ်ကောင်နှင့် အခြားငှက်နှစ်ကောင် မွေးထားပြီး ရောဂါ ကာကွယ်ဆေး တာမင်ဖလူး တိုက်ကျွေးထားကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်မှစ၍ ယခုကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးသူသည် ၁၅၁ ဦးမြောက် အင်ဒိုနီးရှား လူမျိုးဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစ၍ ကြက်ငှက်တုပ်ကွေး ရောဂါ တွေ့ရှိမှုပေါင်း ၅၇၇ ရှိပြီး ကမ္ဘာ့အနှံ့တွင် အဆိုပါ ရောဂါကြောင့် လူ ၃၄၀ သေဆုံးမှု ရှိခဲ့ကြောင်း WHO က သတင်းထုတ်ပြန်သည်။

မန္တလေးတွင် တီဘီရောဂါဝေဒနာရှင်လေးထောင်ကျော်ကို ရှာဖွေဆေးကုသပေးမည်

မန္တလေးခရိုင်အတွင်း တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်း မြှင့်တင်ရေးစီမံချက်အရ ကျန်းမာရေးဦစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့်The Union (အပြည်ပြည်ဆိုင်ရာတီဘီရောဂါနှင့်အဆုတ်ရောဂါတိုက်ဖျက်ရေးအဖွဲ့)တို့က ဆေးကုသမှုမရှိသေးသည့် တီဘီရောဂါဝေဒနာရှင် လေးထောင်ကျော်ကို ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရှာဖွေဆေးကုသပေးမည်ဖြစ်ကြောင်း The Union မှ အစီအစဉ်မန်နေဂျာ ဒေါက်တာကျော်ထင်စိုးက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၀ စာရင်းများအရ တီဘီလူနာရှင်ပေါင်း သုံးထောင်ကျော်သာ ရှိသဖြင့်တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်း နှစ်ဆမြှင့်တင်ရန်လိုအပ်ကြောင်းဒေါက်တာကျော်ထင်စိုးက ဆက်လက်ပြောကြားသည်။ “ဒီ ၂၀၁၂ အတွင်းမှာ လူဦးရေရှစ်သိန်းကို တီဘီရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးဗဟုသုတတွေပေးနိုင်ဖို့ ဆောင်ရွက်မယ်။ ကိုယ့်ကိုယ်ကိုယ်သံသယရှိသူကို ကျွန်တော်တို့ကပဲ တီဘီရောဂါပိုးရှိ၊ မရှိ အခမဲ့စစ်ဆေးပေးဖို့ရှိတယ်။ တွေ့တဲ့သူကို တီဘီဆေးတိုက်ကျွေးဖို့ တိုင်းကျန်းမာရေးကိုပြန်လွှဲပေးမယ်” ဟု၎င်းကဆိုသည်။ တီဘီရောဂါဖြစ်ပွားမှုနှုန်း စစ်တမ်းကောက်ယူထားမှုများအရ တီဘီရောဂါဖြစ်ပွားသူဦရေ ထက်ဝက်ခန့်သာ ဆေးကုသမှုခံယူခဲ့သောကြောင့် လူနာရှင်များရှာဖွေကုရန် လိုအပ်နေသေးကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးညွှန်ကြားရေးမှူးဒေါက်တာဦးဝင်းမောင်၏ ပြောကြားခ်ျအရသိရသည်။မြန်မာနိုင်ငံတွင် တစ်နှစ်တလျှင်တီဘီရောဂါဖြစ်ပွားသူဦရေသုံးသိန်းပတ်ဝန်းကျင်ရှိသော်လည်းလာေ၇ာက်ကုမှုမှာ တစ်သိန်းလေးသောင်းခန့်သာရိကြောင်း၂၀၀၉-၂၀၁၂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဂျပန်နိုင်ငံမှ ကျွမ်ကျင်သူများနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်သူများပူးပေါင်း၍ စစ်တမ်းကောက်ယူထားသည့်အဖြေများအရ ဒေါက်တာဦးဝင်းမောင်က ပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ၂၂ နိုင်ငံ၌ပါဝင်ပြီး HIV လူနာတွင် တီဘီရောဂါဖြစ်ပွားမှုအများဆုံး ၄၁နိုင်ငံတွင်ပါဝင်ကြောင်း တီဘီရောဂါရှာဖွေတွေ့ရှိမှုနှုန်းမြှင့်တင်နိုင်ရန် စီမံချက်အရသိရသည်။ HIV ဝေဒနာရှင်များ တီဘီဆေးယဉ်ပါးခြင်းရှိ၊ မရှိနှင့် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော တီဘီရောဂါများကို စစ်ဆေးရှာဖွေရာတွင် လွယ်ကူစေရန်အတွက် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားသော နည်းပညာမြင့်တီဘီရောဂါရှာဖွေစက် Gene Xpart နှစ်လုံးကိုမန္တလေးတိုင်းဒေသကြီတွင် ယခုနှစ်အတွင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း The Union (အပြည်ပြည်ဆိုင်ရာ တီဘီရောဂါနှင့် အဆုတ်ရောဂါတိုက်ဖျက်ရေအဖွဲ့) ထံမှသိရသည်။ အဆိုပါစက်များကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး တီဘီပြင်ပလူနာဌာနနှင့် မြန်မာနိင်ငံအထက်ပိုင်း တီဘီရောဂါကုဆေးရုံကြီးတွင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း The Union တာဝန်ရှီသူတစ်ဦးက ပြောကြားသည်။ Gene Xpart စက်ဖြင့် ရောဂါရှာဖွေပါက တစ်ဦလျှင် ဒေါ်လာ ၂၅ခန့်ကုန်ကျမည်ဖြစ်သဖြင့် စီမံချက်အရ HIV ဝေဒနာရှင်များနှင့် ကလေးများအတွက်တီဘီရောဂါကို အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း The Union ထံမှ သိရသည်။ The Union ဆိုသည်မှာ ပြင်သစ်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာတီဘီရောဂါနှင့်အဆုတ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစ၍ ကျန်းမာရေးဦးစီဌာနနှင့် ပူးပေါင်း၍ မန္တလေး ငါးမြို့နယ်တွင် HIV နှင့် တီဘီလူနာများကို IHC (Integrated HIV Care) ကိုစတင်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာတစ်ဝှန်းလုံး တီဘီရောဂါဖြစ်ပွားသူ ရှစ်သန်းကျော်ခန့်ရှိပြီး HIV လူနာများတွင် တီဘီရောဂါယှဉ်တွဲခံစားနေရသူ တစ်သန်းကျော်ရှိကြောင်း ၂၀၁၀ ပြည့်နှစ် စာရင်းကို ကိုးကား၍အမျိုးသာ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာသန္တာလွင်က ပြောကြားသည်။ Ref: The Voice Weekly